တချို့ရောဂါတွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်မျိုးရိုးမှာ ဘာရောဂါတွေရှိသလဲဆိုတာ သိထားသင့်ပါတယ်။ သင့်မိခင်ကို အောက်ပါမေးခွန်းလေးတွေ မေးခြင်းဖြင့် ကိုယ့်မှာ ဘာရောဂါတွေ ရှိလာနိုင်သလဲဆိုတာကို ကြိုတင်ခန့်မှန်းပြီး ကာကွယ်လို့ရတာ ကြိုတင်ကာကွယ်ကြရအောင်…။
၁။ “မေမေ့ရဲ့ သွေးပေါင်ချိန် ဘယ်လောက်ရှိသလဲ”
သွေးတိုးရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။ သွေးတိုးပြီး သွေးပေါင်ချိန်များခြင်း၊ ကိုလက်စထရောများခြင်း တို့က နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။ နှလုံးရောဂါဟာ အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါဖြစ်တာကြောင့် မပေါ့သင့်ပါဘူး။ သင်ရဲ့မိခင်မှာ သွေးတိုးရောဂါ ရှိပါက သင့်မှာလည်း ရှိနိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ
သင်ရဲ့ ဆွေမျိုးရင်းချာထဲမှာ အသက် ၆၅ နှစ် မတိုင်ခင် နှလုံးတိုက်ခိုက်မှု (Heart Attack) ခံရဖူးသူရှိပါက သင့်အနေနဲ့ သွေးတွင်း ကိုလက်စထရော ပမာဏနဲ့ သွေးပေါင်ချိန်ကို မှန်မှန်စစ်ပေးဖို့ လိုအပ်နေပါပြီ။ သင်ရဲ့ သွေးပေါင်ချိန်က အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ထက် များနေပါက သင်ရဲ့ဘ၀ လူနေမှုပုံစံကို ပြောင်းပေးသင့်နေပါပြီ။ အငန်စာတွေ၊ အကြော်စာတွေ မစားဘဲ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ဆေးလိပ်သောက်တတ်ပါက ဆေးလိပ်ဖြတ်လိုက်ပါ။ ကိုယ့်မှာ နှလုံးရောဂါမျိုးရိုး မရှိလို့ နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းရင်တောင်မှ ကိုယ့်ကျန်းမာရေးအတွက် ကျွန်မတို့အားလုံး ဂရုစိုက်ကြရမှာပဲ မဟုတ်ပါလား။
၂။ “အမျိုးထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူရှိလား”
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါဖြစ်ပြီး မျိုးရိုးလိုက်တတ်ပါတယ်။ အမျိုးတွေဆီကနေ ကောင်းစွာ အလုပ်မလုပ်တဲ့ ဗီဇ(Faulty Gene) အမွေ ဆက်ခံရရှိထားပါက ရောဂါအမွေ ဆက်ခံနိုင်ခြေကလည်း ၈၀ ရာခိုင်နှုန်းထိ တက်လာနိုင်ပါတယ်။ အမျိုးထဲမှာ ရင်သားကင်ဆာရှိဖူးပါက BRCA 1 ဒါမှမဟုတ် BRCA 2 အမည်ရှိ ဗီဇတွေ ပါလာနိုင်ပါတယ်။ ဒါပေမဲ့လည်း ဗီဇကိုပဲ အပြစ်ပုံချလို့ မရပါဘူး။ ရင်သားကင်ဆာ ဖြစ်နိုင်တဲ့ တခြား အကြောင်းအရာများစွာလည်း ရှိပါသေးတယ်။ ရင်သားကင်ဆာ ရောဂါသည် အယောက် ၂၀ မှာ တစ်ယောက်ကသာ မျိုးရိုးလိုက်ပြီး ဖြစ်တာပါ။ အသက်အရွယ် အိုမင်းမှုက ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အချက်တစ်ချက်ပါပဲ။ အသက် ၈၀ အရွယ်ရောက်ပါက အသက် ၃၀ အရွယ်ထက်စာရင် ရောဂါဖြစ်နိုင်ခြေ ပိုများမှာပါ။
ဘယ်လိုကာကွယ်ကြမလဲ
ဆွေမျိုးထဲမှာ ရင်သားကင်ဆာ တစ်ယောက်တလေ ပါရုံလောက်နဲ့ သင့်မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ များပြီလို့ ပြောလို့တော့ မရပါဘူး။ ဒါပေမဲ့ ဆွေမျိုးရင်းတချို့ (အမေ့အစ်မ၊ အဘွား) မှာ အထူးသဖြင့် အသက်အရွယ်ငယ်စဉ်မှာ ရင်သားကင်ဆာ ဖြစ်ဖူးပါက သင့်မှာ ဖြစ်လာနိုင်ခြေ များတဲ့အတွက် ကြိုတင်ကာကွယ် စစ်ဆေး သင့်ပါတယ်။ မျိုးရိုးအပြင် အရက်သေစာ သောက်သုံးမှုများခြင်းကလည်း ရောဂါဖြစ်နိုင်ခြေ ပိုများစေသလို လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကတော့ ရောဂါဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ မနက်တိုင်း ရင်သားကို ကိုယ်တိုင် စမ်းသပ်စစ်ဆေးကြည့်ပါ။ ပုံမှန်နဲ့ မတူတဲ့ အပြောင်းအလဲ တွေ့တာနဲ့ ဆရာဝန်ထံ အမြန်ပြသင့်နေပါပြီ။
၃။ “အရိုးကျိုးဖူးသလား”
သင့်မိခင် အရပ်ပုလာပါသလား။ ဒါဆိုရင်တော့ အရိုးပွရောဂါကြောင့် ဖြစ်ပါလိမ့်မယ်။ အရိုးကျန်းမာရေးရဲ့ ၆၀ ရာခိုင်နှုန်းဟာ မျိုးရိုး လိုက်တတ်တာကြောင့် သင့်အနေနဲ့လည်း စိုးရိမ်သင့်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ
သင်ရဲ့ ဆယ်ကျော်သက်အရွယ်နဲ့ ၂၀ ကျော်အရွယ်တွေမှာ အရိုး တည်ဆောက်တဲ့ ဆဲလ်တွေဟာ အတက်ကြဆုံး အချိန်ဖြစ်နေပါတယ်။ ဒါကြောင့် ကယ်လ်စီယမ်ကြယ်ဝတဲ့ အစားအစာတွေကို စားသောက်ပေးဖို့ အရေးကြီးပါတယ်။ ကယ်လ်စီယမ်ဓာတ် စုပ်ယူအားကောင်းတဲ့ ဗီတာမင် ဒီ လုံလောက်စွာ ရရှိဖို့လည်း အရေးကြီးပါတယ်။ တစ်ပတ်အတွင်း နေရောင်ခြည်နဲ့ ထိတွေ့ချိန် လေးကြိမ်မှ ခြောက်ကြိမ်ကြား တစ်ကြိမ်ကို ခြောက်မိနစ်မှ ရှစ်မိနစ်ကြား ရှိပေးဖို့ လိုပါတယ်။ အဆီများတဲ့ ဆယ်လ်မွန်လို ငါးမျိုးကိုလည်း ပုံမှန်စားပေးပါ။ လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်းနဲ့ ကခုန်ခြင်းတို့လို အလေးချိန် သယ်မရတဲ့ လေ့ကျင့်ခန်းတွေကလည်း အရိုးသန်မာစေပါတယ်။ သင့်အသက် ၃၀ ကျော် မရောက်မချင်း သင့်ခန္ဓာကိုယ်က အရိုးတည်ဆောက်မှု မရပ်သေးပါ။ အသက် ၃၀ နီးလေ နှေးကွေးလာလေပဲ ဖြစ်နေတာပါ။ ဒါကြောင့် အချိန်ရှိတုန်း အရိုးကျန်းမာရေးအတွက် နေထိုင်စားသောက်ပါ။
၎။ “ဒီရေခွက်က တစ်ဝက်ပြည့်နေသလား၊ တစ်ဝက် လိုနေသလား”
ရေတစ်ဝက်သာရှိတဲ့ ဖန်ခွက်ကို အကောင်းမြင်စိတ်ရှိသူတွေက တစ်ဝက်ပြည့်နေတယ်လို့ ဖြေပြီး အဆိုးမြင်စိတ် ရှိသူတွေကတော့ တစ်ဝက်လိုနေတယ်လို့ ပြောတတ်ကြပါတယ်။ သင့်မိခင်က တစ်ဝက်လိုနေတယ်လို့ ဖြေရင် သူဟာ စိတ်ဓာတ်ကျနေပြီး အဆိုးမြင်စိတ်ရှိသူလို့ ပြောလို့ရပါတယ်။ ကျွန်မတို့အားလုံးဟာ အဆင်မပြေတဲ့ နေ့ရက်တွေနဲ့ ကြုံဖူးကြမှာပါ။ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေပြီး ခက်ခဲတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ရင်တောင် တစ်ယောက်ကမှ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျနေပြီဆိုတာကို ၀န်မခံကြပါဘူး။ စိတ်ဓာတ်ကျခြင်းဟာ မျိုးရိုးလိုက်ပြီး ဖြစ်တတ်တာကြောင့် ဒီမေးခွန်းကလည်း အရေးကြီးပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ
သင့်အမျိုးထဲမှာ စိတ်ကျဝေဒနာခံစားသူ တစ်ယောက်ရှိနေရုံနဲ့ သင်ဟာလည်း စိတ်ကျရောဂါရလာမယ်လို့ ကောက်ချက် မချနိုင်ပါဘူး။ မျိုးရိုးလိုက်ပြီး စိတ်ဓာတ်ကျရခြင်းဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ရတာမဟုတ်ဘဲ သင်နဲ့ အနေနီးစပ်တဲ့ ဆွေမျိုးတွေအနေနဲ့ ပြဿနာရပ်တွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့လာတဲ့အခါ ဘယ်လို ဖြေရှင်းသလဲဆိုတာကို ငယ်စဉ်ကတည်းက အတုယူတတ်မြောက် လာရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်ရဲ့ အမူအကျင့်တွေ၊ စိတ်နေစိတ်ထားတွေ ပြောင်းပေးခြင်းက သင်ရဲ့ အခက်အခဲကို ခံနိုင်ရည်ရှိမှုကိုပါ ပြောင်းလဲကောင်းမွန် စေနိုင်ပါတယ်။ အရင်ဆုံး အဆိုးမြင်တဲ့စိတ်ကို ဆင်ခြင်ကာ အဆိုးမြင်တွေအစား အကောင်းဘက်က တွေးမြင်ပေးလိုက်ပါ။ ဒါမှမဟုတ် အဆိုးမြင်စိတ် ဖြစ်ပေါ်လာပါက အာရုံလွှဲတဲ့အနေနဲ့ တခြားအလုပ်တစ်ခုခု လုပ်နေလိုက်ပါ။ နောက်ပြီး ကျန်းမာရေးကို ဂရုစိုက်ပါ။ အစားအသောက် မညီမျှခြင်း၊ အာဟာရ မပြည့်ဝခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းနဲ့ နေထိုင်မကောင်းဖြစ်ခြင်းတို့က စိတ်ဓာတ်ကျတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အရက်သောက်ခြင်းနဲ့ မူးယစ်ဆေးဝါးသုံးခြင်း တို့ကလည်း အလားတူပါပဲ။ ဒါကြောင့် အရက်နဲ့ မူးယစ်ဆေးကို လုံးဝ ရှောင်သင့်ပါတယ်။
၅။ “ဓမ္မတာပုံမှန်လာရဲ့လား”
မီးယပ်သွေးဆုံးပြီးသား မိခင်ဆိုရင်လည်း အရင်က ဓမ္မတာပုံမှန် ဖြစ်ရဲ့လားဆိုပြီး မေးနိုင်ပါတယ်။ မိခင်ရဲ့ ဓမ္မတာရာသီ စက်ဝန်းပေါ် မူတည်ပြီး သင်ရဲ့ ဓမ္မတာ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဓမ္မတာရာသီ လာတာ များခြင်း၊ အိမ်သာသွားရတာ ခက်ခဲခြင်း၊ ဆီးစပ်အောင့်ခြင်း၊ ရာသီရက်မမှန်ခြင်းတို့ဟာ သားအိမ်အမြှေးပါး ရောင်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ သားအိမ် အမြှေးပါးရောင်ရောဂါဟာ မျိုးရိုးလိုက်တတ်သလို ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး မြုံခြင်းဖြစ်နိုင်တာကြောင့် မပေါ့သင့်ပါဘူး။
ဘယ်လိုကာကွယ်ကြမလဲ
သင့်မိခင်မှာလည်း သားအိမ်အမြှေးပါးရောင်ရောဂါ ဒါမှမဟုတ် သားဖွားမီးယပ်ဆိုင်ရာ ရောဂါတစ်ခုခု ဖြစ်ခဲ့ဖူးတယ်။ သင့်ကိုယ်သင်လည်း ဖြစ်မှာစိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြသင့်ပါတယ်။ အကယ်၍ သင့်မှာ အဲဒီရောဂါဖြစ်ခဲ့ရင်တောင် သားအိမ်အောင့်ခြင်း ဟာ ဆေးသောက်ရုံနဲ့ သက်သာနိုင်ပါတယ်။ ဓမ္မတာမမှန်ခြင်းကလည်း သားဥအိမ်တွင်း ရေအိတ်တွေတည်တဲ့ ရောဂါလက္ခဏာစုကြောင့်လည်း ဖြစ်နိုင်ကာ မျိုးရိုးလည်း လိုက်တတ်ပါတယ်။ တခြားလက္ခဏာစုကြောင့်လည်း ဖြစ်နိုင်ကာ မျိုးရိုးလည်း လိုက်တတ်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ ၀က်ခြံထွက်ခြင်း၊ မျက်နှာပေါ်တွင် အမွေးပေါက်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းနဲ့ ကလေးရနိုင်ခြေ လျော့နည်းခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေဖြစ်ရင် ဆရာဝန်ထံ ပြကာ ဟော်မုန်းပမာဏ စစ်ဆေးကြည့်ပါ။ တက်စတိုစတီရုန်းပမာဏ များနေတတ်ပါတယ်။
၆။ “ အရင်တစ်ပတ် ပိတ်ရက်မှာ မေမေ ဘာလုပ်ခဲ့သလဲ ”
သူ ဘာလုပ်ခဲ့သလဲ သူ့ဟာသူ မမှတ်မိပါက သင့်မိခင်ဟာ မှတ်ဉာဏ်နဲ့ပတ်သက်ပြီး ပြဿနာ ရှိနေနိုင်ပါတယ်။ မျိုးရိုးထဲမှာ အယ်လ်ဇိုင်းမားရောဂါရှိပါက သင့်မှာလည်း ရှိလာနိုင်ပါတယ်။ မျိုးရိုးအပြင် ဘ၀နေထိုင်မှုကလည်း အရေးကြီးပါတယ်။
ဘယ်လို ကာကွယ်ကြမလဲ
ကျန်းမာတဲ့ ခန္ဓာကိုယ်အလေးချိန်ရှိခြင်း၊ အာဟာရမျှတတဲ့ အစားအစာတွေ စားသောက်ခြင်းဟာ သွေးတိုးခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။ ဒီနှစ်ခုစလုံးကလည်း မှတ်ဉာဏ်မကောင်းခြင်း ဖြစ်နိုင်ခြေ များစေပါတယ်။ ဆေးလိပ်သောက်ခြင်းက နှလုံး၊ အဆုတ်နဲ့ ဦးနှောက်နဲ့ သွယ်နေတဲ့ သွေးကြောတွေကို ပျက်စီးစေကာ အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်တဲ့ အနေနဲ့ ဦးနှောက်ကို လေ့ကျင့်ပေးပါ။ ဉာဏ်စမ်း ပဟေဠိတွေ၊ ပုစ္ဆာတွေ ဖြေကြည့်ခြင်းဖြင့် ဦးနှောက်ကို ထက်နေအောင် သွေးပေးပါ။
၇။ “ရေဘယ်လောက်သောက်လဲ”
သင့်မိခင်ဟာ မကြာခဏ ရေဆာနေပြီး ငါးမိနစ်ခြားတစ်ကြိမ်လောက်ကို အိမ်သာထဲ ဆီးသွားနေရပါသလား “ဒီလက္ခဏာ နှစ်ရပ်စလုံးဟာ အမျိုးအစား-၂ ဆီးချိုသွေးချို ရောဂါရဲ့ လက္ခဏာရပ်တွေပါ။ အမျိုးအစား-၂ ဆီးချိုသွေးချို ရောဂါရှိပါက သင့်မှာ ရောဂါဖြစ်နိုင်ခြေဟာ ၅၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ဒါပေမဲ့လည်း မျိုးရိုးဗီဇ အရ ဆီးချိုဖြစ်စေနိုင်တဲ့ အချက်အပြင် တခြားအချက်တွေလည်း ရှိပါသေး တယ်။ အဲဒီထဲကမှ အ၀လွန်ခြင်းက အရေးကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။
ဘယ်လို ကာကွယ်ကြမလဲ
သင့်မှာ အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများပါက ကိုယ်အလေးချိန် လျှော့ချခြင်းက အကောင်းဆုံး ကာကွယ်နည်းပါပဲ။ လေ့ကျင့်ခန်းများများ လုပ်ပါ။ အရက် သိပ်မသောက်ပါနဲ့။ ဆေးလိပ်ဖြတ်ပါ။ အကျက်နှေးနေတဲ့ အနာတွေ ရှိ မရှိ၊ ခြေထောက် ကြက်တက်ခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်၊ မဖြစ် ကိုယ့်ကိုယ်ကိုယ် သတိထား ဂရုစိုက်ပါ။
၈။ “ဘယ်အရွယ်မှာ ဓမ္မတာ သွေးဆုံးခဲ့သလဲ”
အနောက်နိုင်ငံတွေရဲ့လေ့လာချက်အရ သားအမိအများစုမှာ သမီးဖြစ်သူဟာ မိခင်ဖြစ်သူ သွေးဆုံးတဲ့အရွယ်မှာ သွေးဆုံးတတ်ကြတာ တွေ့ရပါတယ်။ ဒါကြောင့် သင် ဘယ်အရွယ်မှာ သွေးဆုံးမလဲဆိုတာ သင့်မိခင်ပေါ် မူတည်ပြီး တွက်ဆနိုင်ပါတယ်။
ဘယ်လို ကာကွယ်ကြမလဲ
ဓမ္မတာသွေးဆုံးရမယ့်အရွယ်မှာ သွေးဆုံးတာကို ကာကွယ်စရာ မလိုပါဘူး။ ဒါပေမဲ့ သင့်မိခင်ကို ထပ်မေးရမှာက ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတဲ့ ရောဂါရှိသလား ဆိုတာကိုပါ။ ဒီရောဂါက မျိုးရိုးလိုက်တတ်တာကြောင့်ပါ။
၉။ “အစားအသောက် အပြင်းအထန် လျှော့ခဲ့ဖူးသလား”
သင့်မိခင် ကိုယ်အလေးချိန်ကျလိုစိတ်ကြောင့် အစာရှောင်ရာကနေ အစားအသောက်ပျက်ပြီး အန္တရာယ်ရှိလောက်တဲ့ အထိ ကိုယ်အလေးချိန် လျော့နည်းတဲ့ရောဂါ (Anorexia Nervosa) ရှိဖူးပါ သလား။ ဒါဆို သင့်မှာလည်း ရှိလာနိုင်ပါတယ်။ လေ့လာချက်တစ်ခု အရ အစားအသောက်ပျက်ရောဂါဟာ တချို့ဗီဇတွေနဲ့ ဆက်စပ်နေကြောင်း တွေ့ရပါတယ်။ မိခင် သို့မဟုတ် အစ်မဖြစ်သူမှာ ထိုရောဂါ ရှိဖူးပါက သင့်မှာပါ ဖြစ်လာနိုင်ခြေဟာ တခြားသူတွေထက် ၁၂ ကြိမ် ပိုဖြစ်လာနိုင်ကြောင်း တွေ့ရပါတယ်။ ပြီးတော့ ဒါဟာ ဗီဇသက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ မိခင်တွေရဲ့ အပြုအမူတွေ၊ အမူအကျင့်တွေရဲ့ လွှမ်းမိုးမှုကို အလွန်ခံခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။
ဘယ်လို ကာကွယ်ကြမလဲ
အစားအသောက်ပျက်တဲ့ရောဂါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိသေးတဲ့ လှချင်ပချင်တဲ့ ဆယ်ကျော်သက်အရွယ်နဲ့ နှစ်ဆယ်ကျော်လေးတွေမှာ ဖြစ်လေ့ရှိပေမယ့် အသက် ငါးနှစ်လောက်အထိ ငယ်ရွယ်တဲ့ ကလေးတွေမှာပါ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါဟာ သူတို့ ရဲ့မိခင်အပေါ် အများကြီး မူတည်နေပါတယ်။ မိခင်တွေအနေနဲ့ ကိုယ့်ပုံကိုယ် မှန်ထဲမှာကြည့်ပြီး အလိုမကျ ဖြစ်ကာ မျက်မှောင်ကြုတ် နေတာ၊ ဗိုက်ခေါက်တွေကို ဆွဲကြည့်ပြီး စိတ်ပျက်နေတာတွေဟာ ကလေးတွေကို သူတို့ရဲ့ခန္ဓာကိုယ်ကို အလိုမကျစိတ် ပိုဖြစ်ပေါ်စေ နိုင်ပါတယ်။ ဒါပေမဲ့လည်း မိခင်မှာ အစားအသောက်ပျက် ရောဂါ ရှိရုံနဲ့ သမီးမှာပါ ဖြစ်မယ်လို့တော့ ပြောလို့ မရပါဘူး။ ဒီအမူအကျင့်တွေကို တတ်နိုင်သလောက် ရှောင်ကာ ကိုယ့်ကိုယ်ကိုယ် အလိုမကျ စိတ် မမွေးမိပါစေနဲ့။ ကိုယ်ရဲ့ တခြား တန်ဖိုးရှိတဲ့ အရာလေးတွေပေါ်သာ အာရုံစိုက်ပါ။ သင်ကိုယ်တိုင်က မိခင်တစ်ယောက် ဖြစ်နေပြီဆိုရင်လည်း ကိုယ့်ပုံသဏ္ဌာန်ကို သိပ်ပြီး အာရုံမစိုက်ပါနဲ့တော့။ သင့်ကလေးတွေကို အပြင်ပန်းပုံသဏ္ဌာန်ထက် ပိုအရေးကြီးတဲ့ ကိုယ်ပိုင်အရည်အချင်းတွေ မြင့်လာအောင် ကူညီပေးလိုက်ပါ။
၁၀။ ”အရက် ဘယ်လောက်သောက်သလဲ”
ကျား/မ မရွေး၊ အသက်အရွယ်မရွေး အရက်စွဲသူ ဖြစ်နိုင်ခြေ ရှိပါတယ်။ အလုပ်သဘောအရ၊ ယဉ်ကျေးမှုအရ မငြင်းကောင်းတဲ့ တစ်ခွက်၊ နှစ်ခွက်ကနေ အကျင့်ဖြစ်လာကာ မသောက်ရ မနေနိုင်လောက်တော့တဲ့ အဆင့်အထိ ဖြစ်လာကြပါတယ်။ အရက်ဟာ မကောင်းမှန်း အားလုံးသိပြီးသားပါ။ ဒါတောင်မှ အရက်စွဲသွားကြတာဟာ မိဘတွေရဲ့ ပယောဂ မကင်းပါဘူး။ အရက်သောက်တတ်သူ အတော်များများရဲ့ မိဘတွေဟာလည်း အရက်သောက်တတ်ကြပါ တယ်။ သူတို့ရဲ့ အရက်သောက်တဲ့ ဓလေ့ဟာ မိဘတွေဆီကနေ ရလာတာပါ။
ဘယ်လို ကာကွယ်ကြမလဲ
အရက်ကို တတ်နိုင်သမျှ ဖြတ်ပါ။ တစ်နေ့ မသောက်ရမနေနိုင်ရင်လည်း တစ်နေ့ကို နှစ်ပက်ထက် ပိုမသောက်မိအောင် ဂရုစိုက်ပါ။ သင့်မှာ ကလေးတွေရှိနေရင်လည်း ကလေးတွေရှေ့မှာ မသောက်မိပါ စေနဲ့။
ဒေါက်တာနုမြတ်
The Chic Magazine
0 comments:
Post a Comment