ကြုံရဆုံရ ဒီဘလော့ခ်ဂါ ဘဝ
နိုင်နိုင်းစနေ
“နင်က စာရေးဆရာမဆို” အသက်ငါးဆယ်ကျော် ဦးလေးကြီးတစ်ယောက် ကျွန်မကိုမေးတယ်။
“စာရေးဆရာမတော့ မဟုတ်ပါဘူး။ ဝါသနာပါလို့ ဘလော့ဂ်မှာ စာရေးတာပါ”
“ဘာနာမည်နဲ့ရေးလဲ?”
“နိုင်းနိုင်းစနေပါ”
“ဘာ!”
“နိုင်းနိုင်းစနေ ပါ”
“စနေနေ့မှာ ရေးတာလား?” ဒီဦးလေးကြည့်ရတာ နားလည်း သိပ်ကောင်းပုံမရဘူး။
“ဟို…”
“ဘာစာတွေရေးလဲ? နိုင်ငံရေးလား?”
“နိုင်ငံရေး မရေးပါဘူး”
“ဒါဆို အချစ်အကြောင်းလား?” ကျွန်မပုံစံက ဆယ်ကျော်သက်အရွယ် ပေါက်နေပုံရတယ်။
“အချစ်အကြောင်းရယ်လို့ မဟုတ်ဘူး။ ခွန်အားပေးစာတွေရေးတာပါ”
“ဟာ.. ဒါဆို ဘောလုံးအကြောင်းပေါ့” ဒီဦးလေးကြည့်ရတာ ခွန်အား/အားကာဂျာနယ်တွေ တော်တော်ဖတ်ခဲ့ပုံရတယ်။
“အင်းးးးးးး မဟုတ်ပါဘူး။ Chicken Soup for the Soul လိုစာမျိုးပါ။ နှလုံးသား အာဟာရပေါ့”
“အော်… ဟင်းချက်နည်းတွေ ရေးတာကိုး”
“အဲ့.. အဲတာမျိုး မဟုတ်ဘူး”
“ထားပါတော့… ဘလော့ဂ်မှာရေးတယ်ဆိုတော့ စာမျက်နှာဘယ်လောက်ရှိလဲ?”
“အီ…. အဲတာတော့ မသိဘူး။ ရေးတာ (၄)နှစ်ကျော်လောက်တော့ရှိပြီ”
“နင်က ဘလော့ဂ်မှာစာရေးတယ်လို့လည်း ပြောတယ်။ မေးတော့ ဟိုဟာမသိ၊ ဒီဟာမသိနဲ့” မသင်္ကာတဲ့ မျက်လုံးနဲ့ သူကြည့်တယ်။
“ရေးတော့ စာမူခ ဘယ်လောက်ရလဲ?”
“မရပါဘူး။ ကော်မန့်တွေ ရတယ်”
“ဘာ.. ကောက်ညှင်းတွေရတယ်!”
“ဟို… မဟုတ်ဘူး… ကွန်မန့်.. ကွန်မန့် အဲ မဟုတ်ဘူး.. ကော်မန့်.. ကော်မန့်”
“အဲတာ ဘယ်နိုင်ငံ ပိုက်ဆံလဲ? ငါတစ်ခါမှ မကြားဖူးဘူး”
“ဟို…..”
ကျွန်မကိုကြည့်နေတဲ့ သူမျက်လုံး ပိုမှေးစင်းသွားတယ်။ သကာင်္မကင်းတဲ့အရိပ်တွေ သူ့မျက်လုံးအိမ်ထဲ ပိုပြည့်သွားတယ်။
“နင့်အီးမေးလ်ပြောအုန်း”
“nineninesanay@gmail.com ပါ”
“ဟာ..အီးမေးလ်ပါဆို ဘာလဲကွ ဂျီမေးလ်.. ဒီကလေးမ တုံးတိတုံးအနဲ့… နင်စာများများဖတ်အုန်း”
“ဟုတ်…. ကဲ့…”
အင်း.. ကျွန်မဦးနှောက် အပ်ဒိတ်ဖို့လိုနေပြီ… +_+
နိုင်းနိုင်းစနေ
0 comments:
Post a Comment