ရှီဟော့လုပ်ငန်းဥက္ကဌ လင်းဇစ်မင်
စာရေးကိရိယာဘုရင်၊ နှစ်ပဲခြောက်ပြားနဲ့မြန်မာ့ဈေးကွက်ကိုထိုးဖောက်ခဲ့သူ
ထိုင်တုံးကချာတိတ်လေးက တုံးဟိုင်တက္ကသိုလ်ကဘွဲ့ရတဲ့ မြန်မာမိန်းကလေးကို ချစ်မိရာက စတာပဲ။ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က မိန်းခလေးရဲ့ မိဘတွေရှိရာ ရန်ကုန်ကိုလိုက်သွားပြီး လက်ထပ်ဖို့ တောင်းရမ်းရင်းနဲ့ နေရာတိုင်းမှာ အခွင့်အရေးတွေပြည့်နှက်နေတဲ့ မြန်မာပြည်ကြီးကို မျက်စိကျပြီး ဇနီးလေး သဘောမတူတဲ့ကြားက မြန်မာပြည်မှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် ဖြစ်ခဲ့တာပါ။ “ကျွန်မမှာတော့ ကြိုးစားပမ်းစားနဲ့ နိုင်ငံခြားရောက်အောင်သွားခဲ့တာ၊ ရှင်က ကျွန်မကို ပြန်ခေါ်လာတယ်ပေါ့လေ” ဆိုပြီး ဇနီးသည်ဖြစ်သူက လင်းဇစ်မင်ကို အဲဒီတုန်းက အပြစ်တင်ခဲ့သေးတာပေါ့။
ဆယ့်ရှစ်နှစ်ကုန်လွန်ခဲ့ပါပြီ၊ အဲဒီတုန်းက ထိုင်ဝမ်ဒေါ်လာ ဆယ်သိန်းနဲ့ စွန့်စားမြှပ်နှံခဲ့သူ ရှီဟော့လုပ်ငန်းရှင် လင်းဇစ်မင်ဟာ အခုတော့ မြန်မာ့ ဘောလ်ပင်ဘုရင်လေး ဖြစ်လို့နေပါပြီ။ မြန်မာပြည်က ဆိုင်ကြီး ဆိုင်ငယ်တိုင်းလိုလိုမှာ သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ Noti ဘောလ်ပင်တွေကို တွေ့နိုင်ပါတယ်။
“ဒီကဈေးကွက်ကို ရင်းနှီးသွားရင် လုပ်လို့မခက်ဘူးဆိုတာ ခင်ဗျားတွေ့လိမ့်မယ်”၊ အသက်လေးဆယ့်ခြောက်နှစ်အရွယ် လင်းဇစ်မင် ရန်ကုန်က သူ့စံအိမ်လေးထဲမှာ ပြောသွားတာပါ။ စစချင်း ထိုင်ဝမ်ကနေ Reynolds ဘောလ်ပင်တွေ မြန်မာပြည်ထဲသွင်းပြီး ရောင်းတယ်။ အဲဒီတုန်းက အရင်းက တစ်ချောင်းကို ၂.၃၀ ထိုင်ဝမ်ဒေါ်လာ၊ မြန်မာ့ဈေးကွက်က လက်ခံနိုင်တဲ့ ဈေးနှုန်းကလည်း အဲသလောက်ပဲ။ အခွန်အခတွေနဲ့ ပို့ခတွေပေါင်းလိုက်တော့ တစ်ချောင်းရောင်းရင် တစ်ချောင်းဘိုး ရှုံးတော့တာပဲ။ ထိုင်ဝမ် Reynolds ကို ၂.၁၀ ဒေါ်လာထိ လျှော့ခိုင်းနိုင်ပေမယ့်လည်း အမြတ်မကျန်သေးဘူး ဆိုပါတယ်။
(Reynolds ဘောလ်ပင်ကို မေ့နေသူများအတွက် ပုံလေးတွဲတင်လိုက်ပါတယ်)
အဲဒါနဲ့ လင်းဇစ်မင် ကိုယ့်ကိုယ်ကိုယ် စက်ရုံထောင်ပြီး ဘောလ်ပင်တပ်ဆင်ဖို့လုပ်တယ်။ သူတွက်ကြည့်တယ်၊ Reynolds သူ့ကိုပေးတဲ့ဈေး ဆက်ချလို့မရတော့တဲ့ အကြောင်းက ထိုင်ဝမ်မှာ တပ်ဆင်ဖို့ အလုပ်သမားခတွေ မြင့်နေလို့ပဲ။ ဆိုတော့ Reynolds နဲ့ သူ ညှိလိုက်တယ်၊ ကုန်ချောအနေအထား မရောက်သေးတဲ့ ဘောလ်ပင် အပိုင်းအစတွေကို တစ်ချောင်း ၁.၈၀ ဈေးနဲ့ သွင်းလာပြီး မြန်မာပြည်မှာတပ်တယ်။
“အဲဒီ ပြားသုံးဆယ်က ကျုပ် ပိုက်ဆံ စ ဝင်တဲ့ အခြေခံအုတ်မြစ်ပဲဗျ”
ရှင်းရှင်းပြောရရင် နေရာနှစ်ခုက လုပ်အားခ ကွာဟချက်ကိုအရင်းပြုပြီး ငွေရှာတာပါပဲ။ အခြေခိုင်သွားတော့ လင်းဇစ်မင်တစ်ယောက် သူ့လုပ်ငန်းကို အပေါ်ဖက်ကို ဒေါင်လိုက်ချဲ့ပါတယ်။ ပလပ်စတစ် ပုံသွင်း မှိုလောင်းတာ ကိုယ်တိုင်လုပ်တယ်၊ ကိုယ့်အမှတ်တံဆိပ်လည်း ထွင်လိုက်ပြီး အလျားလိုက် ထပ်ချဲ့တယ်။ ဖျက်ဆေးတွေ၊ ဖောင်တိန်တွေနဲ့ တခြား စာရေးကိရိယာ တိုလီမုတ်စတွေ လုပ်ပါတယ်၊ လုပ်လို့ရတာ မှန်သမျှ လုပ်တော့တာပါပဲ။
သူ့ကုန်ပစ္စည်းက မြန်မာတစ်ပြည်လုံးမှာ ပိုစတာကြော်ငြာတွေ၊ တီဗွီကြော်ငြာတွေတင်တဲ့ တစ်ခုတည်းသောစာရေးကိရိယာ အမှတ်တံဆိပ်ပါ၊ တစ်နိုင်ငံလုံး သိကြပါတယ်။ (TZA: ဒီအချက်ကိုတော့ ဟုတ်မဟုတ် ကျနော်လည်းမသိပါဘူး၊ အခုလောက်ဆို တခြားတံဆိပ်တွေ ရှိနေလောက်ပြီ ထင်ပါတယ်)
မြန်မာဖြစ်သူ ဇနီးသည်ရဲ့ ကျေးဇူးကြောင့် မြန်မာ့ဈေးကွက်ကို လေ့လာကိုင်တွယ်တဲ့အခါ သူများတွေထက် တပန်းသာပါတယ်။ အဲဒါကြောင့်လည်း ရင်းနှီးမြှပ်နှံဖို့ အခွင့်အလမ်း အတော်များများက သူ့ဖက်က သွားရှာစရာမလိုပဲ သူ့ကို အိမ်တိုင်ရာရောက်လာပြီး ရှာကြရတာပါ။ ပြီးခဲ့တဲ့ နှစ်နှစ်တုန်းက ပြည်ကြီးက ထိုင်ဝမ်စီးပွားရေးသမားနဲ့ စပ်တူရင်းပြီး အရည်အသွေးမြင့် အားကစားဖိနပ်စက်ရုံတစ်ရုံကို မြန်မာပြည်မှာ တည်ထောင်လိုက်ပါတယ်၊ အနောက်နိုင်ငံတွေ စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်ပေးတာကို တစ်ဖက်က စောင့်ရင်းနဲ့ပေါ့၊ ပွင့်သွားတာနဲ့ ဖိနပ်စက်ရုံက အော်ဒါလက်ခံပြီး လည်ပတ်လို့ရပြီလေ။
မြန်မာနိုင်ငံဟာ မကြာခင်မှာပဲ တဟုန်ထိုး ဖွံဖြိုးတိုးတက်တော့မှာပါ၊ ဆိုင်ပေါင်းသောင်းနဲ့ချီအောင် ဈေးကွက်လမ်းကြောင်းပွင့်နေပြီးဖြစ်တဲ့ လင်းဇစ်မင်ကတော့ အလှကုန်ပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးကို မြေစမ်းခရမ်းပျိုး လုပ်နေပါပြီ။ ဘာလို့လဲဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးခြောက်ဆယ်လောက်က ထိုင်ဝမ်မှာတွေ့ရတဲ့ ကုန်စုံဆိုင်တွေလိုပါပဲ၊ ရှိရှိသမျှ ကုန်ပစ္စည်းတွေ အဲဒီဆိုင်တွေမှာ တင်ထားကြတာလေ။
ထိုင်တုံးက ငမွဲချာတိတ်လေး အခု ကန်စပ်ကစံအိမ်ကြီးပိုင်ရှင်ဖြစ်နေပါပြီ၊ မြန်မာပြည်ကြီး မွဲပြာကျရာက ကုန်းရုန်းမထနိုင်သေးခင် လင်းဇစ်မင်တို့က နေရာတောင် ဦးထားပြီးမှတော့ အနာဂတ်မှာ အခွင့်အလမ်းတွေ ပိုများမှာ အသေအချာပါပဲ။
(ပြီးပါပြီ)
credit http://www.degolar.info/search?updated-max=2012-09-08T00:36:00%2B08:00&max-results=1&reverse-paginate=true

0 comments:
Post a Comment