~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday, 5 September 2012

ဘ၀ဆိုတာ ဘယ်တော့မှ ဟုန်းခနဲ ထမတောက် တတ်ဘူး...

ခေတ်ကြီးထဲ ကြားနေရတယ်။ မြင်နေရတယ်။ တွေ့နေရတယ်။ အင်တာနက်ခေတ်၊ ITခေတ်၊ သတင်းခေတ်၊ ဇီဝခေတ်၊ ဘာခေတ်ညာခေတ်။

ခေတ်မီဖွံ့ဖြိုး တိုးတက်သော လူ့ဘောင်သစ် စတာတွေ။ ပြီးတော့ ကမ္ဘာရွာ စတာတွေ။ အဲဒီလို ကမ္ဘာကြီးထဲမှာ ကျွန်တော်က အသီးအပွင့် အားကောင်းတုန်း လူငယ်တစ် ယောက်ပေါ့။ ဒါပေမဲ့ ကျွန်တော်ဟာ ခပ်အအ ငနဲ တစ်ယောက်ပဲ ဖြစ်ခဲ့ပါတယ်။ စာအုပ်တွေထဲမှာ၊ ဂျာနယ် စာစောင်တွေထဲမှာ ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်တွေ၊ ကမ္ဘာကြီး ပြားလာပြီ အကြောင်းတွေ၊ ရွာကြီးတစ်ရွာ ဖြစ်လာပြီ ဆိုတဲ့ အကြောင်းတွေကို လူပြော သူပြောများလို့၊ နားနဲ့ မဆံ့အောင် ကြားနေရလို့၊ စာအုပ်တွေထဲ တွေ့နေရလို့ ရေပေါ်ဆီ အသိနဲ့ သိနေခဲ့တာ တစ်ခုပါ။

အင်တာနက်ဆိုင်မှာ လူငယ်တွေ တိုးတိုးကြိတ်ကြိတ် ဖြစ်နေတာ တွေ့ရတဲ့ အခါ ကျွန်တော်ဟာ ခေတ်နောက်ကျသူ ဖြစ်နေပြီလား အတွေး တွေးမိခဲ့တဲ့ အချိန်က စပြီး ကျွန်တော်လည်း ကမ္ဘာကြီးထဲ
မဖြစ်မနေ ခုန်ချဖို့ ကြိုးစား မိပါတယ်။ ဆရာကြီး မြို့မငြိမ်း စကားနဲ့ ငှားပြောရရင် ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ဖို့ စိတ်ကူး မီးတောက်မိတယ်။

ကျွန်တော်ဟာ ဂဏန်းပေါင်း စက်တွေပေါ်မှာသာ လက်ညှိုး ကစားတတ်ခဲ့သူပါ။ တယ်လီဖုန်း ခလုတ်တွေ နှိပ်တတ်တာက လွဲလို့ လူငယ်တွေ ခြေချင်း လိမ်နေတဲ့ အင်တာနက် ကဖီးဆိုင်တွေထဲ ၀င်မသောက် တတ်ခဲ့ပါဘူး။ ကွန်ပျူတာ Typing မပြောနဲ့၊ စန္ဒရား ခလုတ်တွေပေါ်တောင် ကြွက်လျှောက် မလျှောက် တတ်သူပါ။

ပြီးတော့ ကျွန်တော်က တောသားမြို့ရောက် ခင်ဗျ။ ကျွန်တော်တို့ ရွာသားတချို့တောင် မြို့တက်ပြီး အင်တာနက် ကဖီးဆိုင် ထိုင်တတ်နေ ပြီဆိုပဲ။ အဲဒီ အချိန်ထိ ကျွန်တော်က ၀ါးလုံးခေါင်းထဲ လသာနေပြီး ဒုံးဝေးနေတုန်းပါ။ ကိုယ့်လောက် အတန်းပညာ မရှိတဲ့ လူတွေတောင် အင်တာနက် သုံးတတ်နေတယ် ခင်ဗျ။ တစ်ခါတလေ သူတို့က ကိုယ့်ရှေ့မှာ ကိုယ်မသိသေးတဲ့ သတင်းတွေ အွန်လိုင်းပေါ်က ဖတ်ပြီး စားမြုံ့ပြန်ပြနေတဲ့ အခါမျိုး၊ ဟိုအတွင်းရေး သည်အတွင်းရေးတွေ အံ့သြ လောက်အောင် ပြောပြနေကြတဲ့ အခါမျိုးမှာ ကျွန်တော် ငတုံးက ပါးစပ်ဟောင်းလောင်း နားထောင်ခဲ့ရတာပေါ့ဗျာ။

လူငယ်ဖြစ်ပြီး ဒါတောင်မှ ငါမသိပါလား၊ ခေတ်ထဲကလေ ရှူနေတာချင်း အတူတူ ကိုယ့် ထက်ညံ့သူတောင် ကိုယ့်ကို ကျော်တက်နေတာ တွေ့ရတဲ့ အခါ မခံချင်စိတ်၊ ငါလည်း ခေတ်ကြီးနဲ့ ရင်ပေါင်တန်းဖို့ လိုနေပြီဆိုတဲ့ အသိနဲ့ အင်တာနက် သုံးတဲ့ သူငယ်ချင်းတွေနောက် ကပ်လိုက်သွား။ သူတို့ လုပ်ပုံလုပ်နည်းတွေ ကြည့်၊ မသိမေး၊ မတတ်မေး။ ကြာလာတော့ ကျွန်တော်လည်း မတောက်တခေါက်နဲ့ အွန်လိုင်းပေါ် လေယာဉ် မစီးဘဲ တက်တတ်လာတာပေါ့။
ပထမ စစချင်းတော့ အများ သူငါလို သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ စကားပြော။ ဟိုင်း နေကောင်းလား၊ ထမင်း စားပြီးပြီလား၊ ဘာဟင်းလဲ၊ မတွေ့တာ ကြာပြီ၊ VZO ချက်ရအောင်လေ ဘာညာ။ ဒီလောက်လေးနဲ့ ကျေနပ် နေခဲ့မိတယ်။

ဒီလိုနဲ့ နည်းနည်းလေး အွန်လိုင်းပေါ် အချိန်ပြည့် တက်လိုက်ဆင်းလိုက် လုပ်နေခဲ့တဲ့ ကျွန်တော် ကမ္ဘာ့ရွာသားကြီးက “ပျိုမေတစ်သင်း ရေခပ်ဆင်း” ချိန်ကိုတောင် မစောင့်တော့ဘဲ အား အားရှိ အွန်လိုင်းပေါ်တက်၊ ရှိရှိသမျှ၊ ချောချော လှလှ မှန်သမျှ ကျူနေတော့တာပဲ။ ထမင်းကိုမေ့၊ ဟင်းကို မေ့။ အလုပ်ကိုတောင် မေ့လို့။

ဆိုးတာ တစ်ခု ရှိတယ်ဗျ။ ကောင်လေးတွေက ကျွန်တော့်ကို ကောင်မလေး ထင်ပြီး ရည်းစား စကားပြောပြော နေကြတာပဲ။ ကျွန်တော့်အကောင့် က 1500 Jenny ဆိုတော့ မိန်းကလေး ထင်နေကြ တာကိုး။ တချို့က အဆိုတော် Jenny လား မေး တတ်ကြပြန်သေးရဲ့။

နောက်ပြဿနာက ပါဠိ စာလုံးဆင့်တွေ မရိုက်တတ်သေးခင်ပေါ့။ သစ္စာတို့၊ မေတ္တာတို့ ကျွန်တော် မရိုက် တတ်သေးဘူးလေ။ “မြစ်ကြီးနား တက္ကသိုလ်” ဆိုတာကို ရိုက်ချင်ရင် “မြစ်ကြီး နား ယူနီဗာစီတီ” ဆိုပြီး ခပ်တည်တည် လုပ်ချ လိုက်တာပဲ။ “ချစ်ခြင်းမေတ္တာ” ဆိုရင် “ချစ်ခြင်း တရား”လို့ လုပ်လိုက်ရတာပဲ။ ခုတော့ နည်းနည်း အဆင်ပြေနေပါပြီ။

ဒီလိုနဲ့ ဆိုပါတော့ဗျာ။ ကျွန်တော်ဟာ ဘယ်ထဲကနေ ၀င်ရင် ဘာတွေ ဖတ်လို့ရတယ်၊ ဘယ်ဟာကို ကလစ်လိုက်ရင် ကိုယ်လိုချင်တာ ရတယ် ဆိုတာမျိုး သိလာရပါတယ်။ တော်တော်တော့ ပျော်စရာ ကောင်းတယ်။ ခုမှ ကမ္ဘာကြီးက ကိုယ့်ရှေ့မှာ လည်နေတာ တွေ့နေရတာကိုး။

ပြီးတော့ စာအုပ်တွေ ဖတ်တယ်။ ပန်းချီကားတွေ ခံစားတယ်။ ကဗျာတွေ လေ့လာတယ်။ အဆင်ကို ပြေလို့။ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း တွေနဲ့ အမြဲ ထိတွေ့ နေရတော့ ဒီခေတ်ကြီးထဲ လူ ဖြစ်ရတာ ပျော်သလို။ We’re Sorry,Try again နဲ့ ရံဖန်ရံခါ တွေ့ကြုံရတာက လွဲရင် Connection ကျတာကို ငရဲကျသလို ခံစားရတာက လွဲရင် အဆင် ပြေပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့သီချင်းတစ်ပုဒ် ကိုတောင်မှ အဲဒီအခါမှ နားလည် ခံစားလို့ ရသွား တယ်။

“တောင်းပန်ပါတယ် Connection ရယ်” တဲ့။

ကျွန်တော် ဆိုလိုချင်တာ တစ်ခု ရှိသေးတယ်။ ဒီလိုကမ္ဘာကြီး ကိုယ့်အိမ်ရှေ့ရောက် လာချိန်မှာ ကိုယ့်အိမ်ထဲက ယဉ်ကျေးမှုတွေ ပါးလျလျ ဖြစ်သွားမှာကို စိုးရိမ်မိတာပဲ။ ဘ၀မှာ အဆိုးရဲ့ တစ်ဖက် အကောင်း ရှိနေချိန်၊ အကောင်း ရဲ့တစ်ဖက် အဆိုး ရှိနေတာကို သတိပြုမိဖို့လိုပါ တယ်။ ကောင်းကျိုးနဲ့အတူ ဆိုးကျိုးကလည်း ပါလာတတ်တာပဲလေ။ အင်တာနက် သုံးတာ ကိုယ့်အတွက် ဘာအကျိုးရှိလဲ စဉ်းစား ရပါမယ်။ မိတ်ဆွေပေါမယ်၊ နိုင်ငံတကာ အကြောင်းတွေ သိမယ်၊ စီးပွားရေး မျက်စိ ဖွင့်နိုင်ရင် ပွင့်မယ်။ ရချင်စရာ လိုချင်စရာ တွေက အင်တာနက် ကဖီးဆိုင်ထဲ အများကြီးပေါ့။

ဒါပေမဲ့ ရနေတာ၊ ရချင်တာ၊ လိုချင်တာတွေနဲ့ အတူ ကျွန်တော်တို့ ဘာတွေ ပေးခဲ့ကြရလဲ ဆိုတာ သတိ ပြုမိကြပါရဲ့လား။ မိဘကွယ်ရာ၊ ဆရာသမားတွေ ကွယ်ရာ ချက်တင် ခန်းထဲမှာ လူငယ်တွေရဲ့ အကျင့်စာရိတ္တ တွေ ရေစုန် မျောနေတာ၊ အရှက်တရားတွေ၊ သတိတရားတွေ ယိုစိမ့် ကျနေတာ ကျွန်တော်တို့ တွေးမြင် မိကြပါရဲ့လား။

၁၈ နှစ်ကျော်မှ၊ အရွယ်ရောက်မှ သိသင့်၊ မြင်သင့်တာတွေ မူလတန်း ကလေးက အစ သိနေ ခဲ့ရင် ကောင်းတယ် ပြောမှာလား၊ ဆိုးတယ် ပြောမှာလား။ကျွန်တော်တို့ မြန်မာ့ အသိုင်းအ၀ိုင်းက မိဘတွေရဲ့ အစဉ်အလာက ကိုယ့်သားသမီးကို ဗိုင်းကောင်းကျောက်ဖိ ရှိနေစေချင်တာ အစဉ်အလာ တစ်ခုပါ။ ဒါပေမဲ့ ခုလိုခေတ်ကြီးထဲ ကိုယ့်မျက်စိ ကွယ်ရာ Chatroom ထဲမှာ လူငယ်တွေရဲ့ နုနယ် တဲ့အသွေးအသားထဲ ယဉ်ကျေးမှု အသစ်အဆန်း တွေ၊ မဖွယ်မရာ ယဉ်ကျေးမှုတွေ ကျွမ်းထိုးမှောက် ခုံဝင်လာကြရင် ကျွန်တော်တို့ ဘယ်လို ဖြေရှင်း ကြမလဲ။

အခုခေတ် အင်တာနက် သုံးနေကြတဲ့ လူတန်းစား အလွှာက အစုံပါပဲ။ မူလတန်း ကလေးက စလို့ ပျိုပျိုအိုအို၊ မမကြီး၊ ဘဘကြီးတို့ပါ သုံးနေကြတယ်ပြောရင် ပုံပြင် မထင်ပါနဲ့။ တစ်ဖက်လူက လူဆိုးမှန်း မသိ၊ လူကောင်းမှန်း မသိ၊ အိမ်ထောင်ရှင်လား၊ တစ်ခုလပ်လား၊ အပျိုလား၊ အအို လားမသိ။ လေထဲ အချစ်ဂေဟာ ဆောက်လို့။ အဲဒီကနေ အပြင်မှာ ဆုံတွှေလို့။ ရယ်လို့ ငိုလို့ ခေတ်ကြီး။

သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးတဲ့ ခင်ဗျ။ ကျွန်တော်တို့ လူတွေဆိုတာကလည်း ကောင်းမှုထက် မကောင်းမှုဘက် သာယာချင် တတ်ကြတယ် မဟုတ်လား။ အချိန်ကုန်တာ မသိ။ ငွေကုန်တာ မသိ။ အချိန်ဖြုန်းတာလား၊ ငွေဖြုန်း တာလား မသိ။ ကောင်းတာတွေ အတု ယူတာက ကိစ္စမရှိဘူး၊ မကောင်းတာ အတုယူမှားရင် ခက်ကုန်တော့မှာပဲ။

တစ်ခါတလေ ကျွန်တော့်ရဲ့ ဉာဏ်တစ်ထွာ တစ်မိုက်နဲ့ စဉ်းစားမိတယ်။ အင်တာနက်သုံးတာ ကိုလည်း အသက်အရွယ်နဲ့ ကန့်သတ် ထားပေးရင် ကောင်းမလားပေါ့။ ဆေးလိပ်ဘူးတွေမှာ “ဆေး လိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်” ဆိုတာ မျိုးလေးပါတာ သဘော ကျသလိုမျိုး အသက် ၁၈ နှစ်အောက် မသောက်ရ ဆိုတာမျိုးလေး သဘောကျမိပါတယ်။

ဟော့ဒီ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ခေတ်အသီးသီးကို စံတင်လောက်အောင် ကျော်ဖြတ်ခဲ့ပြီးပါပြီ။ ခုတော့ လှိုင်းအသီးသီးကိုကျော်လို့ နည်းပညာ ခေတ်တဲ့။ ဇီဝခေတ်တဲ့။ ရှေးတုန်းက လက်နက်ခေတ်မှာ လက်နက်နဲ့တိုက် ခိုက်ခဲ့ကြတယ်။ စိတ်ပညာခေတ်မှာ စိတ်ပညာနဲ့တိုက်။ နည်းပညာခေတ် မှာ နည်းပညာနဲ့တိုက်။ တိုက်တော့ တိုက်ရမှာပဲ။

နည်းပညာခေတ်။ နည်းပညာခေတ်မှာ ကျွန်တော်တို့ လူငယ်တွေဟာ နည်းပညာ အကြောင်းကို အပေါ်ယံကြောလေး သိနေရုံနဲ့ အာသာမပြေသင့်ဘူး။ ကျေနပ်မနေသင့်ဘူး။ ကိုယ်တိုင်က နှံ့နှံ့စပ်စပ် ထဲထဲဝင်ဝင် သိနေဖို့ လိုပါတယ်။ လူပေါင်းသန်း ၅၀ က နည်းပညာကို မသိဘူး။ လူ ၅ ယောက်က နည်းပညာ ကိုသိတယ် ဆိုကြပါစို့။ လူ ၅ ယောက်က သန်း ၅၀ ကို အနိုင် ယူလိုက်မှာပဲ။ခိုင်းစားမှာပဲ။ ပြုသမျှ နုနေကြရမှာပဲ။ ဟုတ်ဘူးလားဗျာ။ ကိုယ်က ညံ့နေ ရင် ခံရုံပဲ။ တော်တဲ့လူက နေရာ ယူနေတာလား၊ ညံ့တဲ့လူက နေရာ ယူနေတာ လား၊ စဉ်းစားကြည့်။ ညံ့တဲ့ လူနေရာ ယူနေရင် ကိုယ်က သူ့ကို ပြန်မချနိုင်တာ ကိုယ် ညံ့လို့ပါပဲ။

ခေတ်ကြီးက အပေါ်ယံ အသိနဲ့ ကျေနပ်နေလို့ မရတော့ပါဘူး။ တိုင်းပြည်ကို ချစ်တယ် ချစ်တယ်ဆိုပြီး ရသမျှလေးနဲ့ ကျေနပ်တင်းတိမ်၊ တတ်သမျှ လေးနဲ့ ပီတိဖြစ်နေလို့ မရတော့ပါဘူး။ သိသမျှ ရှိသမျှကို အိတ်ကပ်ထဲ ရသမျှ ထည့်နေရင်လည်း တိုင်းပြည်ကြီး တိုးတက် မလာပါဘူး။ လူငယ်တွေ အနေနဲ့ လူမျိုးကို ချစ်ပါ။ တိုင်းပြည်ကို ချစ်ပါ။ နည်းပညာနောက် အမီလိုက် ကြပါ။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး။ မင်စက် တစ်စက်လေးနဲ့လည်း ပင်လယ်ကြီး မပြာနိုင်ပါဘူး။ ဒါကြောင့် ခေတ်ကြီးကို ရင်ပေါင် တန်းနိုင်ဖို့၊ ကမ္ဘာ ကြည့်ကြည့်မြင်ဖို့ ကြိုးစား စေချင်ပါတယ်။

ပြီးရင် အွန်လိုင်းပေါ် တက်ပြီး ယဉ်ကျေးမှု အထိအပါး မခံရလေအောင် သတိရှိကြရပါမယ်။ စနစ်တကျနဲ့ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်း ကြရပါမယ်။ စနစ်တကျ ဆိုတာကလည်း တော်တော်လေး အရေး ကြီးသေးတယ် မဟုတ်လား။ တိုင်းပြည် တစ်ပြည်ကို ဦးဆောင်နိုင်မယ့် မျိုးဆက် လူငယ်တွေ ဟာ တိုင်းပြည်ရဲ့အနာဂတ် ခေါင်းဆောင်ကောင်း ဖြစ်ရင် ငွေအားနဲ့ အာဏာကို စနစ်တကျ ချုပ်ကိုင်တတ်ဖို့ လိုသလို နည်းပညာနောက် အမီ လိုက်နေကြတဲ့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့လည်း အရာရာ စနစ်တကျ ရှိဖို့ လိုပါတယ်။ နည်းပညာ ခေတ်ထဲ ရှင်သန်ခွင့် ရလာတဲ့ အခွင့်အရေးကို စနစ်တကျ သုံးဖို့ လိုအပ်ပါတယ်။ ကိုယ်ကျိုးအတွက် သုံးတဲ့စနစ် မဖြစ်သင့်ပါဘူး။

ပြီးတော့ လူငယ်တွေ စာဖတ်စေချင်ပါတယ်။ အင်တာနက်တော့ ထိုင် ပါရဲ့။ စာမဖတ်ရင်လည်း မဟုတ်သေးပါဘူး။ ပညာခေတ်မှာ ပညာ ရှာရာမှာ စာဖတ်ဖို့ ပိုလိုပါတယ်။ မဖြစ်သေးဘူးလား။ ဆက်ပြီးကြိုးစား၊ ဆက်ပြီးလေ့လာ။ လုံ့လစိုက်။ ဘယ်အရာမှ လွယ်လွယ် ဖြစ်မလာပါဘူး။ အောင်မြင်မှု ပန်းတိုင်အတွက် အခက်အခဲတွေက ကျွန်တော်တို့ကို မှတ်ကျောက် တင်ပါလိမ့်မယ်။ ရေစုန်မလား၊ ရေဆန်မလား။ လဲနေလား။ တစ်ခါမရရင် နောက် တစ်ကြိမ် ပြန်ထကြတာပေါ့။သေချာတာကတော့ ဘ၀ဆိုတာ ဘယ်တော့မှ ဟုန်းခနဲ ထမတောက် ပါဘူး။ ဒီလို ယုံကြည်မိပါတယ်။



ဆွေမြင့်စော
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)
Reactions:

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................