သရဖူ သံမဏိစက်ရုံ (သံရည်ကျိုစက်ရုံ) အထွေထွေမန်နေဂျာ ဝေ့ဇီပေါ
တရုတ်ပြည်က ခေတ်ကုန်သွားတဲ့နည်းပညာနဲ့ သံရည်ကျိုလုပ်ငန်းရဲ့ဘုရင်တစ်ဆူဖြစ်လာ
http://www.degolar.info/search?updated-max=2012-08-29T23:00:00%2B08:00&max-results=1&start=3&by-date=false
တရုတ်ပြည်က ခေတ်ကုန်သွားတဲ့နည်းပညာနဲ့ သံရည်ကျိုလုပ်ငန်းရဲ့ဘုရင်တစ်ဆူဖြစ်လာ
တောင်ဖက်ကို ဦးတည်ပြီး ဝင်လာကြသူတွေထဲမှာ ထိုင်ဝမ်စီးပွားရေးသမားတွေအပြင်
တရုတ်ပြည်ကြီးက စီးပွားရေးသမားတွေလည်း မနည်းပါဘူး။ အကြောင်းရင်းကိုတော့
ကွမ်တုံပြည်နယ်မှာ စတင်ခဲ့ပြီး ရန်ကုန်ကိုရွှေ့လာတဲ့
သရဖူသံရည်ကျိုစက်ရုံပေါ်မှာ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ အထွေထွေမန်နေဂျာ
ဝေ့ဇီပေါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က အစ်ကိုဖြစ်သူနဲ့အတူ ရန်ကုန်မှာ
စက်ရုံလာတည်ခဲ့ကြတာပါ၊
တရုတ်ဈေးကွက်ထဲမှာ ခေတ်နောက်ကျသွားတဲ့ နည်းပညာနဲ့
အခု မြန်မာပြည်ရဲ့ သံမဏိလုပ်ငန်းနယ်ပယ်မှာ ဆရာဖြစ်နေပြီး ဈေးကွက်ရဲ့ ၆၀%
ကို ချုပ်ကိုင်ထားပါတယ်။
မြန်မာပြည် ဆိုတဲ့ စွန့်လွတ်စွန့်စားရာ နယ်မြေသစ်ကြီးရဲ့
ထူးခြားတဲ့အနေအထားရယ်၊ အဲဒီမှာ စီးပွားရေးလုပ်တဲ့
လုပ်ထုံးလုပ်နည်းအဖုံဖုံရယ်ကို ဝေ့ဇီပေါတစ်ယောက် ပွင့်ပွင့်လင်းလင်းပဲ
ဖွင့်ပြောပါတယ်။
“ကျနော်တို့က ကွမ်တုံ ကျဲရန်မှာ ဓာတ်ကြိုးလုပ်ခဲ့တာပါ၊
ဒေသတွင်းဈေးကွက်အပြင် ယွင်နန် (ယူနန်) ပြည်နယ်နဲ့
မြန်မာပြည်ဖက်ကိုလည်းပို့သေးတယ်။ အပြိုင်အဆိုင် အင်မတန်ကြမ်းတယ်၊ တစ်တန်ကို
ယွမ်ငွေငါးထောင်ရောင်းတယ်၊ အမြတ်က တစ်ရာကျော်ပဲကျန်တာ၊ ဒါတောင် တချို့က
ငွေမချေကြဘူး၊ လုပ်သမျှ အလကားပဲ။ နောက်ဆုံးတော့ ဒီ
မြန်မာပြည်ဈေးကွက်တစ်ခုပဲ အမြတ်အစွန်းကျန်တာ၊ အဲဒါကြောင့် စက်ရုံတစ်ခုလုံး
ဒီရွှေ့လာလိုက်တာလေ။”
“ဒီမှာ အရွယ်အစားကြီးကြီးငယ်ငယ်တွေ အားလုံးပေါင်းလိုက်ရင် လုပ်ငန်းပေါင်း
ဆယ်ဂဏန်းကျော်ကျော်ရှိမယ်၊ အားလုံးက တရုတ်ပြည်ဖက်ကနေ လျှံထွက်လာတာချည်းပဲ။”
“စစချင်း ကျနော်တို့ အမေရိကန်ဒေါ်လာကို သိန်းပေါင်းရာနဲ့ချီ ရင်းခဲ့ရတာ၊
ရွှေတိဂုံဘုရားအောက်က ပြည်သူ့ရင်ပြင်ကို ၂၅ နှစ် ငှားခဲ့တယ်လေ။ အဲဒီမှာ
ကျနော်တို့ အများကြီး လုပ်ပေးခဲ့တယ်၊ ကျောက်ပြားတွေခင်းတယ်၊
ဂီတသံစဉ်တွေလွှင့်တဲ့ ရေပန်း ကိုလည်းဆောက်ခဲ့တယ်၊ ပြီးတော့
ဖျော်ဖြေရေးစင်မြင့်တွေ၊ ဆလိုက်မီးတွေ ဆင်ပေး လုပ်ပေးခဲ့တယ်။ တကယ်တော့လည်း
အဲဒါတွေက ရင်းထားသလောက် ဘာမှပြန်မရတဲ့ စီးပွားရေးတွေပါ၊ တစ်ခုတည်းသော
မျှော်လင့်ချက်က အစိုးရနဲ့ ဆက်ဆံနိုင်ခွင့်ပါပဲ။”
“ကျနော်တို့သံရည်ကျိုလုပ်ငန်းက တစ်နှစ်ကို တန်ပေါင်းခြောက်သောင်းထွက်တယ်၊
ဓာတ်ကြိုးက တန်ငါးထောင်၊ မများပါဘူး။ ကျဲရန်က ကြိုက်တဲ့စက်ရုံလေးတစ်ခုတောင်
ကျနော်တို့ထက်များတယ်။ ကျနော်တို့ရောက်စက တစ်တန်ကို
ယွမ်ငွေတစ်ထောင်ကျော်ကျန်တယ် (ထိုင်ဝမ်ဒေါ်လာ ၄၈၀၀ ခန့်)။”
“ယထာဘုယျကျကျ ပြောရရင် ဒီမှာ သူများထက် တပန်းသာဖို့က ကုန်ကြမ်းတွေကို
ပြည်ပကတင်သွင်းနိုင်ရမယ်၊ လုပ်အားခသက်သာရမယ်၊ ထွက်သမျှကိုလည်း ပြည်ပကို
တင်ပို့နိုင်ရဦးမယ်။ ဒါ့အပြင် ခင်ဗျားမှာ အစကနေ အဆုံးအထိ လုပ်နိုင်တဲ့
အရည်အချင်းလည်း ရှိရဦးမယ်ဗျာ။ ဒါပေမဲ့ ကျနော့်ကုန်ကြမ်းအားလုံးက ဒေသတွင်းက
စွန့်ပစ်ထည်တွေပဲ၊ ပြင်ပကုန်ကြမ်းကို အားမကိုးဘူးဆိုတော့ ထုတ်ကုန်ကိုလည်း
ပြည်တွင်းဈေးကွက်ကို ဖြန့်မှပဲ အမြတ်ကျန်မှာပေါ့။”
“လျှပ်စစ်ဓာတ်အားရော ကုန်ကြမ်းပါ ရှားပါးလို့ နှစ်တိုင်းလိုလို တစ်နှစ်မှာ
တစ်လလုံးနီးပါး အလုပ်နားထားရတယ်။ ဒီနှစ်တော့ ဟိုနည်းနည်း ဒီနည်းနည်းနဲ့
နားရက်တွေပေါင်းလိုက်ရင် တစ်လတောင် ကျော်နေပြီ၊ မိုးနည်းရင်မီးမလာဘူး၊
ပြီးတော့ မြောက်ပိုင်းကတာဝါတိုင်ကိုလည်း သူပုန်တွေခွဲသွားတယ်လေ။”
“ကိုယ့်ကိုယ်ကိုယ် မီးစက်နဲ့ဓာတ်အားပေးရင်ဗျာ၊ တစ်တန်ကို တစ်ထောင်ကျော်
အပိုဆောင်းရမယ်၊ အမြတ်ဘယ်ကျန်ပါတော့မလဲ။ ဒါနဲ့ပဲ ခုနောက်ပိုင်း
မီးစက်နှိုးမနေတော့ဘူး၊ မီးမလာရင် အလုပ်မလုပ်တော့ဘူး။ မြန်မာနိုင်ငံမှာ
လူတစ်ဦးချင်းရဲ့ လျှပ်စစ်ဓာတ်အား ဝေစုက တရုတ်ပြည်ရဲ့ ၂၀ ပုံ ၁
ပုံပဲရှိတယ်၊ ကဲ၊ ကောင်းပါတော့မလား။”
“အလုပ်သမားလား၊ သုံးလို့မကောင်းဘူးဗျ၊ ဗုဒ္ဓဘာသာဝင်တွေလေဗျာ၊
ပြိုင်ဆိုင်ချင်စိတ်နည်းတယ်၊ အရမ်းအေးချမ်းကြတာ။ ဒါပေမဲ့ ဒီနှစ်မတူတော့ဘူး၊
ထောက်ခံမဲရဖို့အတွက် အလုပ်သမားတွေကို ဆန္ဒလိုက်ပြခိုင်းတဲ့လူတွေ ရှိနေတယ်။
တစ်နိုင်ငံလုံးပေါင်းလိုက်မှ စက်ရုံဘယ်နှရုံပဲ ရှိလို့လဲဗျာ၊
ဒီလပိုင်းမှာတင် ဆန္ဒပြတာ အကြိမ်ပေါင်း သုံးရာကျော်ပြီ။ ခင်ဗျားတို့
ထိုင်ဝမ်ပိုင်စက်ရုံတစ်ခုမှာ ဆန္ဒပြတာ ငါးခေါက်တောင်ရှိပြီကြားတယ်။”
“ဒီကစက်ရုံပိုင်ရှင်တွေက တရုတ်တွေပဲဗျ၊ ဒေသခံတရုတ်မဟုတ်ရင် ထိုင်ဝမ်၊
ပြည်ကြီးက တရုတ်တွေပဲ။ ဒေသခံတရုတ်တွေက နည်းပညာပိုင်းအားနည်းတယ်၊
ကျနော်တို့ကျတော့ ပြည်မကြီးက နည်းပညာအကူအညီတွေ၊ နည်းပညာအရင်းအမြစ်တွေ
လိုအပ်သလို ယူသုံးလို့ရသေးတယ်၊ ဒေသခံတရုတ်တွေမှာ ဒါတွေမရှိဘူး။
စံနစ်ပြောင်းပြီး ဖွင့်ပေးလိုက်တာက သူတို့အတွက် ထိခိုက်နစ်နာမှုတွေ
ပိုများနိုင်တယ်။”
“ကျနော်တို့အခုလုပ်နေတဲ့ (သံရည်ကျိုတဲ့) ပုံစံက တရုတ်ပြည်မှာ
ခေတ်နောက်ကျသွားပြီ၊ ဒါပေမဲ့ ဒီမှာတော့ အကောင်းဆုံးနည်းလမ်းဖြစ်နေသေးတယ်ဗျ။
ပြည်ပက လုပ်ငန်းကြီးတွေ ဝင်လာလည်း ကျနော်ကတော့ လုံးဝမကြောက်ပါဘူး။
ဒီကဈေးကွက်အကြောင်း ကျနော်နားလည်နေပြီ၊ မိတ်တွေ၊
အဆက်အသွယ်တွေလည်းရှိနေပြီလေ။”
“နိုင်ငံခြားက နည်းပညာအသစ်အဆန်းတွေက ဒီမှာအလုပ်ဖြစ်မှာမဟုတ်ဘူး။
မီးချည်းပဲပျက်နေတာဗျာ၊ ခဏပျက်လိုက်တာနဲ့ ခင်ဗျားရူးသွားနိုင်တယ်၊
တစ်ရက်ကို ဆယ်ခါ အခါနှစ်ဆယ်ပျက်နေတာဆိုတော့ လုပ်မနေပါနဲ့တော့။”
http://www.degolar.info/search?updated-max=2012-08-29T23:00:00%2B08:00&max-results=1&start=3&by-date=false
0 comments:
Post a Comment